ကိုယ်ဝန်ရနိုင်ခြေ များစေဖို့ ဘာတွေ စားပေးရမလဲ
သားသားမီးမီး လိုချင်ပေမယ့် မရသေးတာ၊ သားသားမီးမီးယူဖို့ ဆန္ဒရှိနေသူလေးတွေ သိထားရမယ့် အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားသမီး ရတနာ ထွန်းကားစေဖို့အတွက် နေ့စဉ် စားသောက်မှုကလည်း အရေးပါတယ် ဆိုတာပါ။ အချို့သော အစားအစာတွေက နေ့စဉ် အာဟာရ လိုအပ်ချက်ကိုတင် ဖြည့်ဆည်းပေးတာ မဟုတ်ဘဲ။ သန္ဓေအောင်နိုင်စွမ်း တိုးတက်စေဖို့ပါ ထောက်ကူပေးနိုင်တာပါ။ ဒီတော့ သားသားမီးမီး ထွန်းကားချင်တဲ့ စုံတွဲတွေ အနေနဲ့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
သားသားမီးမီး ရရှိစေဖို့ စားပေးသင့်တာလေးများ
သားသားမီးမီး ရရှိစေဖို့ စားပေးသင့်တာလေးတွေကတော့ -
- နို့ နဲ့ နို့ထွက် ပစ္စည်းများ - နို့နဲ့ နို့ထွက် ပစ္စည်းတွေက အရိုးနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေပြီး အသားအရေကို လှပစေနိုင်သလို သားသမီး ရရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသမီး လိုချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ နို့နဲ့ နို့ထွက်ပစ္စည်း ပါဝင်အောင် စားသုံးပေးပါ။ ကိုယ်အလေးချိန် ပုံမှန်ထက် များနေမယ်ဆိုရင်တော့ အဆီထုတ်နို့ ဒါမှမဟုတ် အဆီထုတ် ဒိန်ချဉ်ကို စားပေးတာက နည်းလမ်းကောင်းပါ။
- အဆီမပါတဲ့ အသား - အရေခွံ မပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အမဲသား၊ ဝက်သားနဲ့ အနီရောင်အသား အမျိုးမျိုးက သံဓာတ်ရော ပရိုတင်းပါ ကြွယ်ဝစွာ ပါဝင်နေပြီး မျိုးဆက်ပွား ကျန်းမာရေးကို ထောက်ကူပေးသလို သားသမီး ရရှိနိုင်ခြေကိုလည်း မြှင့်တင်ပေးပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။
- အဆီပါဝင်မှု များတဲ့ ပင်လယ်ငါး - အဆီဆိုတဲ့နေရာမှာ အိုမီဂါ သရီး ပါဝင်မှု များတဲ့ ပင်လယ်ငါးတွေက သွေးတွင်းအဆီနည်းစေသလို သွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် သားသမီး ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်တွင်းက မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်ပါတယ်။ ပင်လယ်ငါးအပြင် အိုမီဂါ သရီး ရရှိစေဖို့ သစ်ကြားသီးလိုမျိုး အခွံမာသီးတွေကို စားပေးလို့ ရပါတယ်။
- ကစီဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ - ကစီဓာတ်က ဝစေလို့ မစားချင်ဘူးဆိုပေမယ့် နေ့စဉ် အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့နဲ့ မျိုးဆက်ပွားနိုင်စေဖို့တော့ စားပေးသင့်ပါတယ်။ ကစီဓာတ်ကို သင့်တင့်မျှတစွာ စားသုံးပေးတာကလည်း ကလေးရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း စတဲ့ သဘာဝအတိုင်း ရှိနေတဲ့ ကစီဓာတ်လေးတွေကို စားပေးပါ။
- ကမာကောင် - ကမာကောင်လေးတွေ အမျိုးသား အားတိုးဆေးလို့ သိထားကြသလိုပါပဲ ကမာကို စားပေးတဲ့အခါ ကမာမှာပါတဲ့ ဇင့်ဓာတ်က သန္ဓေအောင်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာလည်း ဇင့်ဓာတ် နည်းနေတာက ကလေးရရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
- ပိန်းဥ - ပိန်းဥလိုမျိုး မြေကြီးထဲကနေ ရတဲ့ အသီးအနှံ သစ်ဥသစ်ဖုတွေကလည်း သန္ဓေအောင်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီး ပိန်းဥစားတာက အမြွှာမွေးနိုင်ခြေလည်း များစေနိုင်ပါတယ်။ ဗီတာမင် တော်တော်များများ ပါဝင်နေတာကလည်း သားသမီး ရရှိစေနိုင်မယ့် လျှို့ဝှက်ချက်ပါ။
- ဘယ်ရီသီးတွေ - ဘယ်ရီးသီးနွယ်ဝင်တွေ ဖြစ်ကြတဲ့ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ အပါအဝင် အမျိုးမျိုးသော ဘယ်ရီသီးတွေက ခန္ဓာကိုယ်ကဆဲလ်တွေ မပျက်စီးစေဖို့တင် ကာကွယ်ပေးတာ မဟုတ်ဘဲ မျိုးအောင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အော်ဂဲနစ် ဘယ်ရီသီးတွေ ဖြစ်ဖို့တော့ လိုတာပေါ့။
မျိုးအောင်မှုကို နှောင့်ယှက်နေတဲ့ အစားအစာတွေ
အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေက မျိုးအောင်မှုကို ထောက်ကူပေးနိုင်ပေမယ့် အခုပြောပြမယ့် အစားအစာတွေကတော့ မျိုးအောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့ -
- ပြဒါးများတဲ့ ငါးတွေ
- အသွင်ပြောင်းအဆီ ပါဝင်မှု များတဲ့ အစားအစာတွေ
- ပြုပြင်ထားတဲ့ အစားအစာတွေ
- အသင့်စား အမြန်စား အစားအစာတွေ
- ကဖင်းများတဲ့ အစားအစာတွေ
- အယ်လ်ကိုဟော ပါတဲ့ အစားအစာတွေပါ။
ကဲ ရင်သွေးလေး ရယူဖို့ ရည်ရွယ်နေတယ်ဆိုရင်တော့ ခုပြောပြပေးခဲ့တဲ့ ဆောင်ရန်ရှောင်ရန် အစားအစာလေးတွေကို ဂရုစိုက်ပြီး ဆင်ခြင်မှီဝဲပေးဖို့ အကြံပြုလိုက်ချင်ပါတယ်နော်။
မွန်မွန်